မိုးရာသီမှာ အဖြစ်များတဲ့ နားအတွင်း ပိုးဝင်ခြင်း
မိုးရာသီဟာ ပူနွေးစိုစွတ်တဲ့ ရာသီဥတု ဖြစ်တာကြောင့် တခြားရာသီတွေထက် ရောဂါတွေ ပိုအဖြစ်များပါတယ်။ အဲဒီအထဲမှာ နားအတွင်း ပိုးဝင်တာကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ အကြောင်းကြောင်းကြောင့် မိုးရေတွေက နားအတွင်း ဝင်ရောက်တဲ့အခါ နားရဲ့အတွင်းပိုင်း၊ အလယ်ပိုင်းနဲ့ အပြင်ဆုံးပိုင်း သုံးပိုင်းစလုံးမှာ ဘက်တီးရီးယားနဲ့ မှိုပိုးဝင်ရောက်နိုင်ခြေ များပါတယ်။
အဖြစ်များတဲ့ လက္ခဏာတွေက…
- နားယားနေတာ၊ နားထဲမှာ နီရဲနေတာ
- ခေါင်းကိုက်တာ
- နားထဲက အရောင်အနံမရှိတဲ့ အရည်ထွက်တာ သို့မဟုတ် ပြည်တွေ ထွက်လာတာ
- အရည်နဲ့ နားဖာချေးတွေကြောင့် နားထဲမှာ ပြည့်နေသလို ခံစားရတာ
- အဖျားရှိတာ
- ကလေးငယ်တွေ ဆိုရင် အစာမစားဘဲ နားကို ကိုင်ပြီး ငိုနေတာ၊ အီနေတာ တွေ ဖြစ်နိုင်ပါတယ်။
ဘယ်လို ကုသမလဲ?
- နားအတွင်းက နားဖာချေးတွေ ပျော်ဝင်စေဖို့နဲ့ ရောဂါပိုးမွှားတွေ ထွက်လာစေဖို့ နားအတွင်းသန့်စင်ဆေးရည် (Ear Drops) ထည့်ပေးဖို့ လိုအပ်ပါတယ်။
- နားဖာချေးတွေ ရှိနေတာက ရောဂါပိုးတွေ ခိုအောင်းတဲ့နေရာ ဖြစ်စေတာမို့ နားဖာချေးတွေ အရမ်းများနေရင် ဆေးရုံဆေးခန်းမှာ နားအတွင်းဆေးတဲ့ ကိရိယာတွေ အသုံးပြုပြီး ကျွမ်းကျင်တဲ့ ဆရာဝန်က ဆေးပေးတာမျိုး လိုအပ်နိုင်ပါတယ်။
- အဖျားရှိနေခဲ့ရင် ဘက်တီးရီးယားပိုးကြောင့် ဖြစ်နိုင်တာမို့ သင့်တော်တဲ့ ပိုးသတ်ဆေး သောက်သုံးဖို့လည်း လိုပါလိမ့်မယ်။
- ၁ပတ် ၁၀ ရက်နေလို့မှ မသက်သာရင် ခွဲစိတ်ကုသဖို့ လိုအပ်တဲ့ အခြေအနေမျိုးလည်း ဖြစ်နိုင်တာမို့ မပေါ့ဆသင့်ပါဘူး။
နားအတွင်း ပိုးမဝင်အောင် ဘယ်လို ကာကွယ်မလဲ?
- နားကို သန့်ရှင်းစွာ ထားရပါမယ်။ နားအတွင်းကို မည်သည့်အရာမျှ မထည့်မိအောင် ဂရုပြုပါ။ မိုးရေစိုတဲ့အခါ၊ ရေကူးပြီးတဲ့အခါမျိုးမှာ မှိုပိုးတွေ မပေါက်ဖွားနိုင်အောင် နားအပြင်ဘက်အဝကို တဘက်နဲ့ ညင်သာစွာ သုတ်ပေးပါ။
- Earphone နားကျပ်တွေကို တစ်ပတ်တစ်ခါ သန့်ရှင်းရေး လုပ်ပေးပါ။ ဂွမ်းကို အရက်ပြန်ဆွတ်ပြီး သေချာ သန့်ရှင်းပေးပါ။
- နားအတွင်းသို နားဖာကလော်၊ ဂွမ်းတံတွေ ထည့်တာက ရောဂါပိုးတွေကို ပိုမိုဝင်ရောက်စေလို့ ရှောင်ကြဥ်သင့်ပါတယ်။
- နားအတွင်း ပိုးဝင်တယ်လို့ သံသယဖြစ်စရာ လက္ခဏာတွေ ရှိလာခဲ့ရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသပြီး ကုသမှု ခံယူပါ။
အကြားအာရုံဟာ လူအချင်းဆက်သွယ်တဲ့ နေရာမှာ အရေးပါတဲ့ အရာပါ။ နားအတွင်း ပိုးဝင်တာက ဂရုမစိုက်မိရင် အကြားအာရုံ ချို့ယွင်းတဲ့ထိ ဖြစ်နိုင်တာမို့ စိုစွတ်တဲ့ မိုးရာသီမှာ ပိုပြီး ဂရုထားကာကွယ်ကြဖို့ ပြောချင်ပါတယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်